စိတ်ဖိစီးမှုတွေကို လျှော့ချခြင်းက စိတ်ရောဂါကာကွယ်ဖို့ အဓိကသော့ချက်ပါ
လူရယ်လို့ ဖြစ်လာပြီဆိုရင် စိတ်ဖိစီးမှုနဲ့ တစ်နေ့မဟုတ် တစ်နေ့ကြုံရနိုင်ပါတယ်။ စိတ်ဖိစီးမှုက နည်းနည်းလေးဆိုရင် ပြဿနာမရှိပေမဲ့ ခံစားရတဲ့ ပမာဏများလွန်းနေတာ၊ ကာလကြာမြင့်အောင် စိတ်ဖိစီးမှု ခံစားနေရတယ်ဆိုရင်တော့ စိတ်နဲ့ ခန္ဓာကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။
ဒီအတွက် စိတ်ဖိစီးမှုဝေဒနာ ခံစားလာရပြီဆိုရင် စတင်လျှော့ချဖို့ လိုအပ်လာပြီဆိုတာ သိထားဖို့ လိုပါတယ်။ စိတ်ဖိစီးမှုလျှော့ချခြင်းဖြင့်
- စိတ်ပိုင်းဆိုင်ရာ ပိုမိုကျန်းမာကြံ့ခိုင်စေတယ်
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိနိုင်စေတယ်
- ကြွက်သားနဲ့ အရိုးအဆစ် တင်းမာတာကို သက်သာစေတယ်
- စိတ်ကိုကြည်ပြီး ပျော်ရွှင်လာစေတယ်
- လူမှုပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်မှာ ပိုမိုတက်ကြွလာစေတယ်
- တစ်နေ့တာလုံး အားအင်ပြည့်ဝနေပြီး လန်းဆန်းလာစေပါတယ်
- ကိုယ်ခံအားစနစ်ကိုလည်း ပိုကောင်းလာစေပါတယ်။
ဒါဆို စိတ်ဖိစီးမှုကို ဘယ်လိုလျှော့ချလို့ရမလဲ
စိတ်ဖိစီးမှုကို လွယ်ကူရိုးရှင်းစွာနဲ့ တိုက်ထုတ်လို့ရပါတယ်။ နည်းနာလေးတွေကတော့
၁။ ကိုယ်ခန္ဓာကျန်းမာရေးကို ပိုဂရုစိုက်ပါ။
၂။ အာဟာရစုံလင်အောင် စားသုံးပါ။
၃။ ညဘက်ကို အိပ်ချိန်ပြည့်ဝအောင် အိပ်စက်အနားယူပါ။
၄။ တရားထိုင်တာ၊ ယောဂကျင့်တာ၊ အသက်ရှူလေ့ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေ များများလုပ်ပေးပါ။
၅။ ကိုယ်လက်လှုပ်ရှားမှုနဲ့ ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးပါ။
၆။ အကောင်းမြင်စိတ် များများမွေးပြီး လူတွေကို ခွင့်လွှတ်ပါစေ။
၇။ ကိုယ့်အတွက် ကိုယ်ပိုင်အနားယူချိန် သတ်မှတ်ပေးပါ။
၈။ မလိုအပ်ဘဲ အလုပ်ပိုလုပ်တာကို ရှောင်ပြီး အလုပ်နဲ့ဘဝ သမမျှတစေဖို့ ဂရုစိုက်ပါ။
စိတ်ဖိစီးမှုဝေဒနာကို ကာလကြာမြင့်အောင် ခံစားနေရတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြသပြီး သင့်တော်တဲ့ စိတ်ကုထုံးနဲ့ ကုသမှုခံယူသင့်ပါတယ်။
ရဲမျိုးမြတ်